နေပြည်တော်လိုဂျီ – နေပြည်တော်ကို သရုပ်ဖော်နိုင်မည့် ဝေါဟာရသုံးခု

Hosted by
ISP-Myanmar
Location
Virtual / Zoom
Date
11/05/2024
Time
6:30 pm - 7:00 pm



‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဥ်ကိုတက်ရောက်လာတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားများအားလုံး မင်္ဂလာပါ။ ကျမ ကတော့ ချိုဇင်ပါရှင့်။ ဒီနေ့အစီအစဉ်မှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျမတို့ ISP-Myanmar ရဲ့ အသစ်ဖန်တီးမှုတခုဖြစ်တဲ့ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ရဲ့ ဒုတိယမြောက်ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ပထမအကြိမ်ဆွေးနွေးပွဲကို ‘တရုတ် – မြန်မာဆက်ဆံရေးစစ်တမ်း (၂၀၂၃) မိတ်ဆက် – မြန်မာ့ လူကျော်လူမော်များ၏ အထင်နှင့်အမြင်ကိုဆန်းစစ်ခြင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧပြီ ၆ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။ အခုတခါမှာတော့ ‘နေပြည်တော်လိုဂျီ – နေပြည်တော်ကို သရုပ်ဖော်နိုင်မည့် ဝေါဟာရသုံးခု’ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။

‘ISPနှင့်အတူ မိနစ် ၃၀’ ဆိုတဲ့အတိုင်း အချိန်တိကျမှုကို အလေးထားပြီး အစီအစဉ်တခုလုံးအတွက် မိနစ် ၃၀ ပဲ ကြာမြင့်ဖို့ ရည်ရွယ်ထားပါတယ်။ မိနစ် ၃၀ အတွင်းမှာ စဥ်းစားတွေးတောစရာတခုခု ရသွားနိုင်အောင်လည်း ကြိုးစားအားထုတ်ထားပါတယ်ရှင့်။ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ ကြိုတင်ကောက်ယူထားတဲ့ မေးခွန်းတွေအပြင် ဒီနေ့ဆွေးနွေးပွဲ တက်ရောက်လာသူတွေရဲ့ မေးခွန်းနဲ့ မှတ်ချက်တွေကို panelist တွေရဲ့ တင်ပြချက်တွေအပြီးမှာ လက်ခံဆွေးနွေးသွားဖို့ ရှိပါတယ်။ အချိန်အကန့်အသတ်ကြောင့် မေးခွန်းနဲ့ မှတ်ချက်တခုစီကို တမိနစ်တာအတွင်းမှာပဲ ပြီးမြောက်အောင် မေးမြန်းမှတ်ချက်ပြုဖို့ မေတ္တာရပ်ခံလိုပါတယ်။ ထပ်ပြီး မေးမြန်းလိုတာတွေရှိရင်လည်း Chat ဒါမှမဟုတ် Q&A ကနေ ပေးပို့မေးမြန်းနိုင်ပါတယ်။ ကျမတို့နောက်ပိုင်းမှာ အီးမေးလ်ကနေ ပြန်လည်ပေးပို့ပြီး ဖြေကြားသွားပါမယ်ရှင့်။

မေးခွန်းနဲ့ မှတ်ချက်တွေမှာ သတိပြုဖို့ကတော့ လူမျိုး၊ ဘာသာ၊ ကျား/မ လိင်ခံယူမှု၊ နိုင်ငံရေး အမြင်မတူမှု စတာတွေအပေါ် ချိုးနှိမ်စော်ကားတဲ့ အမုန်းစကားတွေ မပါဝင်ဖို့ပါဘဲ။ အခုအစီအစဉ်မှာ သတိပြုရမယ့် အချက်တွေကို Chat ကနေလည်း ပေးပို့ထားပါတယ်ရှင့်။ အခုအစီအစဉ်ကို DVB ရုပ်သံသတင်းဌာနအပြင် ISP-Myanmar ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း ပြန်လည်ထုတ်လွှင့်မှာ ဖြစ်ပါတယ်။ ဆွေးနွေးမယ့် panelist တွေကတော့ ISP-Myanmar ရဲ့ ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးဌာနက Program Head ဖြစ်တဲ့ ကိုကျော်ထက်နဲ့ Program Associate မဆောင်းရနံ့တို့ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမစခင် အခုခေါင်းစဉ်နဲ့ပတ်သက်ပြီး လေ့လာချက်ထဲက အချို့အကြောင်းအချက်တွေကို ထုတ်နုတ်ထားတဲ့ video ကိုဖွင့်ပြချင်ပါတယ်။ အဲဒါပြီးရင် panelists တွေဖြစ်တဲ့ ကိုကျော်ထက်နဲ့ မဆောင်းရနံ့တို့က ဆက်ပြီး ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။

ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျာ။ ဒီနေ့အစီအစဉ်ကို တက်ရောက်လာကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်း ကနဦးပြောချင်ပါတယ်။ ဒီဆွေးနွေးပွဲမှာတော့ ISP-Myanmar က ပြုလုပ်နေတဲ့ သုတေသန အကြောင်းအရာတွေထဲက တခုဖြစ်တဲ့ နေပြည်တော်လိုဂျီ ဆိုတဲ့ အကြောင်းကို တင်ပြသွားပါမယ်ခင်ဗျာ။

ပထမဦးဆုံးအနေနဲ့ ဒီနေပြည်တော်လိုဂျီဆိုတာဘာလဲပေါ့။ ဘာကြောင့် နေပြည်တော်လိုဂျီကို လေ့လာဖို့ လိုအပ်သလဲဆိုတဲ့ကိစ္စကို အဓိက ဆွေးနွေးချင်ပါတယ်ခင်ဗျာ။ ဒီဆွေးနွေးပွဲမတိုင်ခင်မှာ ကြိုတင်ဖြန့်ဝေထားတဲ့ အယူအဆမှတ်စုမှာဆိုခဲ့သလိုပဲ ကမ္ဘာတဝန်းက အာဏာရှင်စနစ်တွေကို လေ့လာတဲ့အခါ ကရင်မလင်နိုလိုဂျီ (Kremlinology)၊ ပြုံယမ်းဂိုလိုဂျီ (Pyongyangology) နဲ့ ပီကင်းဂိုလိုဂျီ (Pekingology) ဆိုပြီး လေ့လာထားတာတွေ ရှိကြပါတယ်။ ဒီလိုပဲ ISP-Myanmar အနေနဲ့လည်း မြန်မာနိုင်ငံမှာရှိတဲ့ စစ်ကောင်စီရဲ့ အရွေ့တွေကိုပေါ့နော်၊ ကျနော်တို့ နေပြည်တော်လိုဂျီ (Naypyitawlogy) အဖြစ် အကျယ်တဝင့်လေ့လာနေတာ ရှိပါတယ်။ အထူးသဖြင့်တော့ နေပြည်တော်မှာရှိနေတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ စစ်ရေး၊ နိုင်ငံရေးစဉ်းစားချက်တွေအပြင် အချိန်နဲ့အမျှပြောင်းလဲနေတဲ့ အတွင်းစည်းထဲက အပြောင်းအလဲတွေကို ခန့်မှန်းပြောဆိုကြတဲ့အခါမှာ ကျနော်တို့ သတိထားမိတာ ဘာလဲဆိုတော့ စနစ်တကျလေ့လာဆွေးနွေးတာထက်စာလို့ရှိရင် ဘယ်လိုပြောမလဲ ‘သားကောင်ကို တောလိုက်သလို မောင်းသွင်းကြတာမျိုး’ ကိုယ်ဖြစ်ချင်တာကို အရင်းတည်ပြီး လုပ်နေကြတာပို များနေတာကို ကျနော်တို့ တွေ့ရပါတယ်။ ဆိုတော့ အချက်အလက်ကိုအရင်းခံပြီးတော့ ဖြစ်နိုင်ခြေတွေ၊ ဖြစ်တန်ခြေတွေကို ဆွေနွေးကြတာ အင်မတန်မှ နည်းပါးတာကို တွေ့ရပါတယ်။ ဒါဟာ သုတေသနရှုထောင့်ဘက်က ကြည့်မယ်ဆိုရင် နေပြည်တော်မှာရှိနေတဲ့ အပြောင်းအလဲတွေ၊ နေပြည်တော်မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ‘ဘယ်လို နားလည်ကြမလဲ၊ ဘယ်လိုနားလည်နိုင်မလဲ’ ဆိုတဲ့ epistemological framework လို့ခေါ်တဲ့ ဒီသိမှုမူဘောင် အတိအကျမရှိတဲ့အတွက်ကြောင့်လို့ ဆိုနိုင်ပါတယ်။ ဒီလိုမျိုး သိမှုမူဘောင်ချို့တဲ့ခြင်းဟာ အကြောင်းအရာတွေမှာပဲ ပိတ်မိနေနိုင်ပြီး အလားသဏ္ဌာန်တူတဲ့ဖြစ်စဉ်တွေ ထပ်ကျော့ဖြစ်လာတတ်ပုံလို့ခေါ်တဲ့ patterns ပေါ့၊ အဲဒါနဲ့ ရှေ့အလားအလာ scenarios တွေအပေါ်မှာ နားလည်နိုင်တဲ့အခါမှာ အကန့်အသတ်တွေ အများကြီးရှိတာကို ကျနော်တို့ တွေ့နိုင်ပါတယ်။ ဒါကြောင့်လည်း ဒါနဲ့ပတ်သက်ပြီး လစ်ဟာနေတဲ့ သိမှုမူဘောင်ကို ဖြည့်စွက်နိုင်ဖို့ အတွက် ကျနော်တို့ ISP-Myanmar အနေနဲ့ ‘နေပြည်တော်လိုဂျီ’ ဆိုတဲ့အကြောင်းကို တစိတ်တပိုင်း ဆွေးနွေး သွားမှာဖြစ်ပါတယ်။

ဒီဆွေးနွေးမှုကို အဓိကအားဖြင့် အပိုင်းသုံးပိုင်းခွဲပြီးတော့ ဆွေးနွေးသွားပါမယ်။ ကျနော်တို့ ဒီ screen မှာ ပြထားတဲ့ဟာကိုလည်း တွေ့နိုင်ပါတယ်။ ပထမတခုက နေပြည်တော်ပလ္လင်မှာ အနှစ်အသားမဲ့ပြီးတော့ လှိုက်စားနေတဲ့ အဆင်တန်ဆာလေးရပ်ပေါ့နော်။ ကျနော်တို့ခေါ်တာတော့ hollowed-out factors လို့ ခေါ်တဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒုတိယတခုကတော့ ခေတ်အဆက်ဆက်မှာ ဒီအာဏာရှင်တွေဟာ သူတို့ နေပြည်တော်ပလ္လင်ကို အမြဲတမ်း ကျားကန်ထောက်ပံ့ပေးခဲ့တဲ့ ထောက်တိုင်တွေအဖြစ် သုံးခဲ့တဲ့၊ ဒါပေမဲ့ အခု ဒီတကြိမ်မှာကျတော့ သံချေးတက်သလို ယွင်းစားသွားတဲ့ အချက်ပေါ့၊ ကျနော်တို့ခေါ်တာတော့ corrosion of pillars ပေါ့၊ အဲဒီအကြောင်းကို ဆွေးနွေးပါမယ်။ နောက်ဆုံးတခုကတော့ အခုအခြေအနေတွေဟာ ဘယ်လိုမျိုး နိုင်ငံရေးလေထု၊ ဒါမှမဟုတ် နိုင်ငံရေးဝန်းကျင်၊ နိုင်ငံရေးအခြေအနေ (political climate) ထဲမှာ ဖြစ်နေသလဲ ဆိုတာကလည်း အရေးကြီးပါတယ်။ ကျနော်တို့ ဒီအချက်ကိုလည်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးအနေနဲ့ကတော့ ဒီအာဏာဗဟိုချက်မထဲမှာ လှိုက်စားနေတဲ့ အချက်တွေကို ကြည့်မယ်ဆိုရင် အခြေခံအချက်လေးချက်ကို ကျနော်တို့ identified လုပ်ပြီးတော့ တင်ပြတာ ရှိပါတယ်။ ပထမတခုကတော့ နိုင်ငံတော်လို့ခေါ်တဲ့ The State ပေါ့နော်၊ သူနဲ့အတူတူ ယှဉ်တွဲနိုင်တဲ့ ဗျူရိုကရေစီယန္တရားတွေက အများကြီး အရေးကြီးပါတယ်။ ဒီဗျူရိုကရေစီယန္တရားတွေက ဘယ်လောက်အထိ လုပ်နိုင်၊ ကိုင်နိုင် ဒါမှမဟုတ် လုပ်သာ၊ ကိုင်သာ ရှိနေသေးလဲဆိုတဲ့အချက် ဖြစ်ပါတယ်။

ဒုတိယတခုကတော့ အုပ်စိုးသူ regime ပေါ့။ အုပ်စိုးသူဟာ သူ့ရဲ့ မူဝါဒနဲ့အာဏာကို မောင်းနှင်နိုင်ဖို့အတွက် စည်းမျဉ်း၊ စည်းကမ်းတွေ ဘယ်လိုချမှတ်သလဲဆိုတာပါပဲ။ အထူးသဖြင့်တော့ သူတို့ကြုံနေရတဲ့ နိုင်ငံရေးပြဿနာကို အခြေခံဥပဒေဘောင်ထဲကနေပြီးတော့ ဖြေရှင်းနိုင်သေးသလား။ အဖတ်ဆယ်လို့မရနိုင်တော့တဲ့ အခြေအနေ ဘယ်လောက်အထိ ရောက်နေသလဲဆိုတာကို လေ့လာမှာဖြစ်ပါတယ်။

တတိယတခုကတော့ အုပ်စိုးသူကို ကျားကန်ပေးထားတဲ့ အာဏာအင်စတီကျူးရှင်းဖြစ်ပါတယ်။ အဲဒါကရော ဘယ်လောက်အထိ အလုပ်ဖြစ်နေသေးလဲပေါ့။ ဒီအချက်ကလည်း အရေးကြီးပါတယ်။ ဒါ့အပြင် အာဏာ အင်စတီကျူးရှင်းကိုယ်တိုင်က ဒီအာဏာရှင်အပေါ်မှာ ဘယ်လိုရှုမြင်သလဲဆိုတာကလည်း အများကြီး အရေးကြီး ပါတယ်။ နောက်ဆုံးအချက်က တော့ ဒီအာဏာရှင်ရဲ့ တဦးတည်းခေါင်းဆောင်မှုစွမ်းရည်ပါပဲ။ ဒီအထဲမှာပေါ့နော် အာဏာရှင်ဟာ သူ့ရဲ့အစိုးရအဖွဲ့ကို ဘယ်လိုလည်ပတ်သလဲ၊ သူတယောက်တည်းကပဲ အရာအားလုံးကို စီမံဆုံးဖြတ်နေတာလား၊ အဲဒါတွေကရော တကယ်အလုပ်ဖြစ်နေသလားဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။ ဒီအချက် လေးချက်ဟာ ကျနော်တို့အခေါ်တော့ နေပြည်တော်ပလ္လင်ရဲ့ အာဏာအဝိုက်အဝန်းထဲမှာ လှိုက်စားနေတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီလှိုက်စားနေတဲ့ အချက်တွေကို ကျနော်တို့နားလည်မှပဲ နေပြည်တော်မှာ ဘာတွေဖြစ်နေလဲ၊ နေပြည်တော်က လူတွေ ဘာတွေတွေးနေသလဲဆိုတာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်နိုင်မှာပါ။

တခါပြန်ကြည့်ရမယ်ဆိုရင် နိုင်ငံတော်ရယ်၊ အုပ်စိုးပုံစနစ်ရယ်၊ ဒါကို ကျားကန်ထားတဲ့ ဒါမှမဟုတ် ကျနော်တို့ခေါ်တဲ့ ကုပ်ခွစီးတဲ့ အင်စတီကျူးရှင်းနဲ့ ခေါင်းဆောင်မှု၊ ဒီအကြောင်းအချက်လေးရပ်ဟာ မြန်မာနိုင်ငံမှာတော့ အပြန်အလှန် ထိန်းကျောင်းတာ မရှိပါဘူး။ အကုန်လုံး လုံးထွေးပေါင်းစည်းပြီးတော့ တက်ညီလက်ညီနဲ့ လူထုကို နှိပ်စက်တာ၊ ဒ့ါအပြင် တိုင်းပြည်ကို အာဏာသုံးရပ် အင်စတီကျူးရှင်း (institution) တွေနဲ့ ပိုင်းခြားအုပ်ချုပ်တာ မဟုတ်ဘဲ စစ်တပ်က အကုန်ထိန်းထားတယ်။ ပြီးတော့ ၂၀၀၈ အခြေခံဥပဒေအရပေါ့နော်၊ စစ်တပ်ကို ဗီတိုအာဏာ ပေးထားတဲ့ စနစ် (regime) ထဲကနေ နိုင်ငံတော်ယန္တရားဖြစ်တဲ့ စစ်တပ်ကိုယ်တိုင်ကပဲ ချုပ်စီးပြီးတော့ နိုင်ငံတော်ကို ဖိနှိပ်ရေး ကိရိယာအဖြစ် သုံးနေတာမျိုးပါ။ တချိန်တည်းမှာပဲ ဒီဟာတွေအကုန်လုံးကို ခေါင်းဆောင်နေတဲ့ လူပုဂ္ဂိလ် အာဏာရှင်ကလည်း ရုံးတလုံး၊ ဓားတစင်းနဲ့ ထင်သလို ချယ်လှယ်ဆုံးဖြတ်တာမျိုးပါပဲ။ ဒါကြောင့်လည်း ဒီအစီအစဉ်မှာ ခေါင်းဆောင်မှုအကြောင်းနဲ့ ခေါင်းဆောင်မှုပြဿနာကြောင့် ကျန်တဲ့လှိုက်စားနေတဲ့ ပြဿနာတွေ ဘယ်လိုမျိုးဖြစ်စေသလဲဆိုတာ အသားပေးဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံးအချက်ကတော့ ဒီခေါင်းဆောင်မှုကြောင့်ပဲ နိုင်ငံတော်ရဲ့အင်အား လျော့ရဲလာမှုကို ကျနော်တို့ အဓိကဆွေးနွေးချင်ပါတယ်။ နိုင်ငံရဲ့ အဓိကကျောရိုးအဖြစ် လည်ပတ်နေတဲ့ ဗျူရိုကရေစီယန္တရားဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ တဖြည်းဖြည်းချည့်နဲ့ လာခဲ့တာ အမှန်ပါပဲ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ စစ်ကောင်စီဟာ ကျန်နေသေးတဲ့ ဗျူရိုကရေစီယန္တရားကို အသုံးပြုပြီးတော့ သူ့ရဲ့လုပ်ငန်းတွေကို လည်ပတ် နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့ အခုလက်ရှိအခြေအနေ၊ အထူးသဖြင့် ‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်းမှာ ဆိုလို့ရှိရင် နိုင်ငံ့ယန္တရားတွေရဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဟာ ပုံမှန်လည်ပတ်နိုင်စွမ်းမရှိတော့ဘဲ အင်မတန်မှကို အကန့်အသတ်နဲ့ ဖြစ်သွားတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ ရဲစခန်းနဲ့ ထွေအုပ်ရုံးတွေလို အခြေခံ ဝန်ဆောင်မှုတွေ၊ ရေပေးတာ၊ မီးပေးတာနဲ့ ဝန်ထမ်းတွေကိုလစာပေးတာ စတဲ့ လုပ်ငန်းတွေဟာ ကျနော်တို့နိုင်ငံရဲ့ မြို့နယ်တချို့မှာ အများကြီးရပ်တန့်သွားတာ တွေ့ရပါတယ်။

ကျနော်တို့ ISP-Myanmar က ပြုလုပ်တဲ့ သုတေသနအရလည်း အခုပြထားတဲ့ပုံတွေမှာ ကြည့်နိုင်ပါတယ်။ ဒါဟာ နိုင်ငံတော်ရဲ့ လုပ်ငန်းဆောင်တာတွေ လျော့ရဲသွားတာ၊ လူ့အဖွဲ့ အစည်းထဲမှာ နိုင်ငံတော်ရဲ့အာဏာစက် လျော့ကျ သွားတာဖြစ်ပါတယ်။ ဒါကိုလည်း ကျနော် တို့ပြထားတဲ့ အချက်အလက်တွေကို အခြေခံပြီး ကြည့်နိုင်ပါတယ်။

ဒါ့အပြင် ဒီခေါင်းဆောင်မှုကြောင့်ပဲ အုပ်စိုးသူနဲ့ သူ့ကို ကျားကန်ပေးထားတဲ့ အင်စတီကျူးရှင်းရဲ့ အနေအထားဟာ တဖြည်းဖြည်းနဲ့ ဆိုးလာတာကိုလည်း တဖက်မှာ တွေ့ရပါတယ်။ နိုင်ငံအနှံ့ ကျယ်ပြန့်လာတဲ့ လက်နက်ကိုင်တော်လှန်မှု တွေကို စစ်ရေးအရလည်း အဖြေမရှာနိုင်ပါဘူး။ အဖြေမရှာနိုင်တဲ့အပြင် မြန်မာစစ်တပ်ဟာ သူ့ရဲ့သမိုင်းမှာ တခါမှမကြုံဖူးတဲ့ အကျပ်အတည်းကို ကြုံနေရတာဖြစ်ပါတယ်။ ပြောရရင်တော့ အရှက်တကွဲအကျိုးနည်းဖြစ်တာကိုပါ တပါတည်း ရင်ဆိုင်နေရပါတယ်။ အထူးသဖြင့်တော့ မြန်မာစစ်တပ်ရဲ့ သမိုင်းမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြောလေ့ရှိတဲ့ စစ်စခန်းတွေ‌ပေါ့နော်၊ အဲဒီစစ်စခန်းတွေကို လက်လွှတ်စွန့်ခွာရတာတွေ တွေ့လာရတယ်။၊ အဲဒီစစ်စခန်းတွေမှာပဲ လက်နက်ချအရှုံးပေးနေရတဲ့အဖြစ်တွေကိုလည်း မြင်နေရပါတယ်။ ဆိုတော့ ဒီအဖြစ်တွေက မြန်မာစစ်တပ် အတွက်တော့ တကယ့်ကို အရှက်ရစရာတွေပါပဲ။ ပိုဆိုးလာတာက ဖြစ်လာတဲ့ပြဿနာတွေကို နိုင်ငံရေး ရှုထောင့်ကနေ၊ အထူးသဖြင့် အမြဲတမ်း သူတို့ကိုင်စွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲကနေ အဖြေရှာမယ် ဆိုရင်တောင် ဘယ်လိုမှ မလွယ်နိုင်တော့ပါဘူး။ စစ်ခေါင်းဆောင်ရဲ့ ခေါင်းဆောင်မှုကို ကြည့်ပြန်တော့ လည်း သူ့ရဲ့အာဏာ (power) နဲ့ မူဝါဒရေးရာ (policy) တွေကို မောင်းနှင်ဖို့အတွက် သူ့ရဲ့အစိုးရအဖွဲ့နဲ့ စစ်ကောင်စီကို ပြောင်းချည်ပြင်ချည် နည်းမျိုးစုံသုံးပြီး ဒီသုံးနှစ်အတွင်းမှာ ကြိုးစားနေတာကို တွေ့ရပါတယ်။ ရလဒ် ကတော့ ဒီမှာပြထားတဲ့အတိုင်းပါပဲ။

သုံးနှစ်အတွင်းမှာ စစ်ကောင်စီဝင်တွေ၊ အုပ်ချုပ်ရေးယန္တရားတွေထဲက ထိပ်ပိုင်းအဆင့်မှာ ပါဝင်တဲ့သူတွေကို ပြောင်းချည်ပြင်ချည် လုပ်တာဆိုရင် ၁၅၃ ယောက်တောင် ရှိနေပါပြီ။ ဒါက ဘယ်လိုဆိုလိုသလဲဆိုတော့ အုပ်ချုပ်ရေးရဲ့ အခြေခံအဆင့်မှာတောင် တည်တည်ငြိမ်ငြိမ်နဲ့ လုပ်ကိုင်နိုင်တာကို မတွေ့ရသေးဘူးဆိုတဲ့သဘောမျိုး ယူနိုင်ပါတယ်။ ဒါကိုပဲ အရင်အစိုးရတွေနဲ့ ယှဉ်ကြည့်မယ်ဆိုရင် တကယ့်ကို ရုပ်ပျက်ဆင်းပျက်အခြေအနေလို့ ဆိုရမှာပါ။

တဖက်မှာလည်း စစ်ခေါင်းဆောင်ဟာ ဒီအခြေအနေမှန်တွေကို လက်ခံနိုင်စွမ်းရှိပုံမရဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်။ ဥပမာအားဖြင့်ပြောရမယ်ဆိုရင် ကျနော်တို့ရဲ့ သုတေသနတွေ့ရှိချက်တခုအရဆိုရင် စစ်ခေါင်းဆောင်ရဲ့ လက်အောက်အရာရှိတွေက အစည်းအဝေးမှာ အစီရင်ခံတဲ့အခါ ‘လက်ရှိအခြေအနေကတော့ ဘယ်သို့ဖြစ်နေပါတယ်၊ ဘယ်ပုံဖြစ်နေပါတယ်’ ဆိုပြီး တင်ပြလေ့ရှိတယ်လို့ သိရပါတယ်။ အဲဒီအချိန်မှာပဲ စစ်ခေါင်းဆောင်က ‘လက်ရှိအခြေအနေက ဘာဖြစ်နေလို့လဲကွာ…’ ဆိုပြီးတော့ ဆူပူကြိမ်းမောင်းလေ့ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်တပ်ထဲက တခြားအရာရှိတွေကလည်း အခုဖြစ်နေတဲ့ ပြဿနာတခုလုံးဟာ ခေါင်းဆောင်မှု စွမ်းရည်ပြဿနာလို့ ရှုမြင်မှုများလာတာကိုလည်း သတိထားမိပါတယ်။ ဆိုတော့ လူဟောင်း၊ လူသစ် တပ်ခေါင်းဆောင် အတော်များများရဲ့ အယူအဆက ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေဘောင်ထဲမှာ စစ်တပ်အနေနဲ့ အခွင့်ထူးခံ အပြည့်ရထားတဲ့ အင်စတီကျူးရှင်းဖြစ်တာကြောင့် အကျိုးစီးပွားအရဆိုလို့ရှိရင် ၂၀၂၁ အာဏာသိမ်းမှုဟာ ဘယ်လိုမှကို မလိုအပ်တဲ့ကိစ္စဖြစ်တယ်၊ တကယ်လို့ သူတို့စိတ်ထဲမှာကျတော့ သိမ်းရပြီ ဆိုရင်လည်း ထိထိရောက်ရောက်နဲ့ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ပြန်ပြီးလုပ်နိုင်ရမယ်ဆိုတဲ့ အမြင်မျိုးရှိနေတာကို ကျနော်တို့ သုတေသနတွေ့ရှိချက်တွေအရ သိရပါတယ်။ ဒါဟာ စစ်ခေါင်းဆောင်ရဲ့ ခေါင်းဆောင်မှုစွမ်းရည် ညံ့ဖျင်းနေတဲ့အပေါ် မှာ မကျေနပ်ချက်တွေ တိုးမြင့်လာတာကို မြင်ရတာပဲဖြစ်ပါတယ်။

တခါ ကျနော်တို့ ဒီမြန်မာစစ်တပ်ရဲ့ နိုင်ငံရေးဆိုင်ရာခေါင်းဆောင်မှုမှာလည်း စစ်ကောင်စီက ချုပ်ကိုင်တယ် ဆိုတာထက်စာလို့ရှိရင် စစ်ကောင်စီဥက္ကဋ္ဌကပဲ သူ့ရဲ့ ပုဂ္ဂိုလ်ရေးအာဏာ တည်ဆောက်မှုနဲ့ အကန့်လိုက်ခွဲ အုပ်ချုပ်တဲ့စနစ်တွေကို အလွန်အကျူး ကျင့်သုံးနေတာကို တွေ့ရပါတယ်။ အဲဒီလိုကျင့်သုံးတဲ့အတွက်ကြောင့်လည်း ကျန်ခေါင်းဆောင်ပိုင်းတွေအကြား မကျေလည်မှုနဲ့ ပူပန်မှုတွေ အများကြီးဖြစ်စေပုံရပါတယ်။ ကျနော်တို့ အခုပြထားတဲ့ပုံထဲမှာလည်း ဒီစစ်ခေါင်းဆောင်ရဲ့ ဘယ်လိုမျိုး ပုဂ္ဂိုလ်ရေးအာဏာ တည်ဆောက်သလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။

ဆိုတော့ ဒီခေါင်းဆောင်မှုကြောင့်ပဲ နိုင်ငံလည်း ပျက်ရသလို၊ ဒီခေါင်းဆောင်မှုကြောင့်ပဲ စစ်တပ်ဆိုတဲ့ အင်စတီကျူးရှင်းလည်း အခုလိုမျိုး အခြေအနေဆိုက်ရတယ်ဆိုတဲ့ အမြင်မျိုးတွေ ရှိကြတာကို လေ့လာရပါတယ်။ ဒါကတော့ နေပြည်တော်ပလ္လင်ရဲ့ အတွင်းထဲမှာ လှိုက်စားနေတဲ့ အဆင်တန်ဆာလေးရပ်ကို တင်ပြခဲ့တာပါ။

ဒုတိယပိုင်းကိုတော့   မဆောင်းရနံ့က ဆွေးနွေးသွားပါမယ်ခင်ဗျာ။

ဟုတ်ကဲ့ရှင့်။ ဒုတိယပိုင်းအနေနဲ့ကတော့ အာဏာရှင်တွေကို သက်ဆိုးရှည်နေနိုင်အောင်ပေါ့လေ၊ နေပြည်တော်ပလ္လင်ရဲ့ တည်ရှိဖွဲ့စည်းမှုကို အားဖြည့်ပေးတဲ့ အချက်သုံးချက်အကြောင်းကို အဓိကထားပြီး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအချက်တွေက အခုအခြေအနေမှာတော့ ယွင်းစားနေတဲ့အခြေအနေ (corrosion of pillars) လို့လည်း ပြောနိုင်ပါတယ်။ ဒါကို အခုပြထားတဲ့ပုံမှာ ဒုတိယအလွှာအနေနဲ့ တွေ့နိုင်ပါတယ်။

ပထမဦးဆုံးအချက်အနေနဲ့ကတော့ အာဏာရှင်တွေဟာ သူ့ကို ထောက်ခံအားပေးနိုင်တဲ့၊ လူများစုတွေကို ဆွဲဆောင်သိမ်းယူနိုင်တဲ့ အိုင်ဒီယိုလိုဂျီတွေ၊ လူမျိုးရေး၊ ဘာသာရေးအယူဝါဒတွေ၊ ဒါတွေကို အရင်းတည်ပြီး လူများစုဆီက အထောက်အပံ့ရယူဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စစ်တပ်က အမျိုး၊ ဘာသာ၊ သာသနာ (ဗမာ၊ ဗုဒ္ဓဘာသာ) ကို ကာကွယ်စောင့်ရှောက်သူအဖြစ်နဲ့ အမြဲတမ်း ပုံဖော်လေ့ရှိတဲ့ အခြေအနေမျိုးလို့ နားလည်နိုင်ပါတယ်။ အဲဒီဟာက မြန်မာပြည်ရဲ့ စစ််အာဏာရှင်အဆက်ဆက် တောက်လျှောက်သုံးခဲ့တဲ့ နည်းလမ်း ဖြစ်ပြီး အောင်မြင်သင့်သလောက်လည်း အောင်မြင်ခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေမှာတော့ မြန်မာ စစ်တပ်ဟာ သူ ချခဲ့တဲ့ တို့တာဝန်အရေးသုံးပါးတို့လို အချက်မျိုးတွေကို သူတို့ကိုယ်တိုင် ပြန်ဖျက်ဆီးနေတဲ့ အနေအထားကို ရောက်ရှိနေပါတယ်။ ဒါကြောင့်လည်း အခုအခြေအနေမှာတော့ စစ်တပ်ရဲ့ ဒီနည်းလမ်းကို ထောက်ခံနေကြတဲ့သူတွေတောင် လက်ရှိစစ်ခေါင်းဆောင်ကို ရာထူးကနေ ဖယ်ပေးဖို့၊ တာဝန်ကနေ လွှဲပြောင်းပေးဖို့ ပေါ်ပေါ်ထင်ထင် တောင်းဆိုနေကြတာကို တွေ့ရတယ်ပေါ့လေ။ ဒါကိုကြည့်ရင် စစ်တပ်အတွက်ပေါ့လေ၊ အမြဲအသုံးတည့်နေခဲ့တဲ့နည်းတောင် ဒီစစ်ခေါင်းဆောင်လက်ထက်မှာ ထင်သလောက် ခရီးပေါက်ပုံမရဘူးလို့ ယူဆလို့ရပါတယ်။ ဥပမာတခုကြည့်ရင်လည်း မြန်မာစစ်တပ်ရဲ့ အင်အားဟာ တဖြည်းဖြည်း နည်းပါးလာပြီးတော့ လူသစ်ရမှုကလည်း ခက်ခဲလာတာမို့ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကျပ် အသက်သွင်းနေရတဲ့ အနေအထားမျိုး ရောက်ရှိလာပါတယ်။  ဒါကလည်း သူတို့ကျင့်သုံးလေ့ရှိတဲ့ အိုင်ဒီယိုလိုဂျီတွေနဲ့ လူတွေကို ဆွဲဆောင်သိမ်းသွင်းတာ မအောင်မြင်တော့ဘူး၊ အလုပ်မဖြစ်တော့ဘူးဆိုတဲ့ အချက်ကို ထောက်ပြနေတာပဲ ဖြစ်ပါတယ်။

ဒုတိယတချက်အနေနဲ့ ဆွေးနွေးချင်တာကတော့ ခရိုနီအရင်းရှင်စနစ် (crony capitalism) ကို ပုံဖော်လေ့ရှိတဲ့ နိုင်ငံရေးဘောဂဗေဒအခြေအနေပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေတော်တော်များများဟာ သူ့ကို သစ္စာခံသူတွေ များလာဖို့၊ သူ့စီးပွားရေးကို မောင်းနှင်ပေးနိုင်တဲ့ သူဌေးသူကြွယ်တွေပေါ်လာဖို့၊ အကျိုးစီးပွားချင်းတွေလည်း ချိတ်ဆက်ထားနိုင်ဖို့၊ အာဏာနဲ့ ကြွယ်ဝချမ်းသာမှုကို ဖလှယ်ဖို့အတွက် ခရိုနီအရင်းရှင်စနစ်ကို ပုံဖော်လေ့ ရှိကြပါတယ်။ ဒါဟာ အာဏာသိမ်းစစ်ခေါင်းဆောင်အဆက်ဆက် လုပ်ခဲ့ကြတဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။ ဆိုတော့ အကျိုးစီးပွားချင်း ကျောကပ်ထားကြတဲ့သူတွေ သစ္စာခံတာ များလာလေ အာဏာတည်မြဲဖို့အခွင့်အလမ်း ပိုများလေလေပဲဆိုတဲ့ တွက်ချက်မှုမျိုးက မြန်မာစစ်ဗိုလ်ချုပ်တွေအတွက်ကတော့ တက္ကသိုလ်တွေမှာ သင်ပေးစရာ မလိုခဲ့တဲ့ အသိပညာပဲတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ စစ်ခေါင်းဆောင်ရဲ့ လက်ထက်မှာတော့ စီးပွားရေး သမားတွေတောင် ညည်းညူလာကြ၊ စိတ်ပျက်လက်ပျက်ဖြစ်လာကြတယ်။

ဘာမှလုပ်လို့ မရတော့ဘူးဆိုတဲ့ ပြောဆိုချက်တွေကိုလည်းမကြာခဏ ကြားရလေ့ရှိပါတယ်။ တဖက်မှာလည်း စစ်ခေါင်းဆောင်ရဲ့ အနီးကပ် လူယုံတွေကတဆင့် ချဉ်းကပ်ကြတဲ့ စီနီယာလူဟောင်း စီးပွားရေးအုပ်စုတွေနဲ့အတူပေါ့လေ၊ စစ်ခေါင်းဆောင်ရဲ့ သားသမီးတွေကနေတဆင့် အသစ်ချဉ်းကပ်လာကြတဲ့ ခေတ်ပညာတတ် လူငယ်ခရိုနီလက်သစ်တွေရဲ့ အခန်း ကဏ္ဍကလည်း ကြီးလာပါတယ်။ ဒါပေမဲ့ ခရိုနီလက်သစ်တွေပြုလုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပြည်သူ့အတွက်၊ နိုင်ငံအတွက် လုပ်နိုင်တဲ့ပုံမပေါ်ဘဲ ရသမျှယူတဲ့ ‘ငဘို့’သမားတွေသာ များနေပုံရပါတယ်။ နောက်ပြီးတော့ စစ်တပ်အတွင်းက ထိပ်ပိုင်းအရာရှိတွေအတွင်းမှာဆိုလို့ရှိရင်လည်း အဝေမတည့်လို့ အချင်းချင်း အုပ်စုဖွဲ့ပြီးတော့ ကွဲကြပြဲကြတာတွေကိုလည်း တွေ့နေရတယ်ပေါ့လေ။ ဒါတွေကိုကြည့်ခြင်းအားဖြင့် အရင်တုန်းက စစ်အာဏာရှင်တွေ အသုံးပြုခဲ့တဲ့ ခရိုနီအရင်းရှင်စနစ်ကိုတောင် ကျကျနနအသုံးပြုပြီးတော့ အသက်ဆက်နိုင်တဲ့ အခြေအနေ မရှိတာကို တွေ့ရပါတယ်။

နောက်ဆုံးအချက်အနေနဲ့က ပထဝီနိုင်ငံရေးအထောက်အပံ့ပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်အဆက်ဆက်ဟာ အိမ်နီးချင်းနိုင်ငံတွေကို ‘အနည်းဆုံးတော့ နေပြည်တော်နဲ့ ဆက်စပ်ထားဖို့ လိုအပ်တယ်’ဆိုတဲ့ စဉ်းစားချက်မျိုးကို ပီပြင်အောင် ပုံဖော်ထားနိုင်တယ်။ အာဆီယံ၊ တရုတ်နဲ့ ရုရှားပေါ့လေ။ ဒီနိုင်ငံတွေကို တလှည့်စီသုံးပြီးတော့ သံတမန်ရေးရာအကာအကွယ်တွေကိုလည်း ပုံစံမျိုးစုံနဲ့ ရယူအသုံးပြုခဲ့ကြတယ်။ ဒါပေမဲ့ အခုအခြေအနေမှာတော့ အင်အားကြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ အားတက်သရောကူညီပေးမှုတွေကိုလည်း သိပ်ပြီးမတွေ့ရတော့ဘူး။ အထူးသဖြင့် တရုတ်လိုနိုင်ငံမျိုးကတောင် နေပြည်တော်မှာ လူလဲကစားဖို့ လိုနေပြီဆိုတာကို ပြောလာကြပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ကလည်း မြန်မာစစ်တပ်ဟာ အင်အားချည့်နဲ့လာပြီဆိုတဲ့ သဘောမျိုးကိုပါ ထုတ်ဖော်ပြောဆိုလာပါတယ်။ အခုပြထားတဲ့ ပုံကိုကြည့်ရင်လည်း နယ်စပ်တလျှောက်မှာ စစ်ကောင်စီလွှမ်းမိုးနိုင်တဲ့ အခြေအနေက လျော့နည်းလာတာကို တွေ့ရပါတယ်။

ဒေသတွင်းမှာလည်း မြန်မာ့အရေးဟာ အာဆီယံနိုင်ငံတွေအတွက်တော့ အရှုပ်ထုပ်အဖြစ်နဲ့သာ မြင်လာကြပြီး အကျိုးစီးပွားတွေ အသီးသီးရှိကြတဲ့ နိုင်ငံတွေ၊ အထူးသဖြင့် တရုတ်နဲ့ အိန္ဒိယတို့လို နိုင်ငံတွေကလည်း စစ်ကောင်စီဟာ သူတို့အကျိုးစီးပွားကို ကာကွယ်ပေးနိုင်မယ့် တဦးတည်းသော လုံခြုံရေးမိတ်ဖက် မဟုတ် တော့ဘူးဆိုတာကို ထောက်ပြလာခဲ့ကြပါတယ်။ ဒါကလည်း  စစ်ခေါင်းဆောင်ဟာ ပထဝီအနေအထားကို အကဲဖြတ်နိုင်စွမ်းလည်း မရှိ၊ အသုံးချနိုင်စွမ်းလည်း ကင်းမဲ့တာကြောင့်ဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ဆိုတော့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ပြောသလို ‘နွားကမဆွဲဘဲ ထွန်ကလည်း မရွေ့နိုင်ဘူး’ဆိုတဲ့သဘောမျိုး ပေါက်နေပါတယ်။ ပြောရရင်တော့ အရင်စစ်အာဏာရှင်အဆက်ဆက် အသုံးတည့်ခဲ့တာတွေတောင် အခု စစ်ခေါင်းဆောင်လက်ထက်မှာ သံချေးတက်သလို တဖြည်းဖြည်း ယွင်းစားလာခဲ့ပါတယ်။

ဒါကတော့ နေပြည်တော်ပလ္လင်ရဲ့ အာဏာဗဟိုချက်မထဲမှာ အနှစ်အသားမဲ့ပြီး လှိုက်စားနေတဲ့ အဆင်တန်ဆာ လေးရပ်၊ ပြီးတော့ သူ့ကိုကျားကန်ပေးထားတဲ့ ထောက်တိုင်သုံးခုကလည်း သံချေးတက်ယွင်းစားနေတာကို ဆွေးနွေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ အခုလို အခြေအနေတွေက ဘယ်လိုနိုင်ငံရေးလေထုထဲမှာ ဖြစ်နေသလဲ ဆိုတာကို ကိုကျော်ထက်က သံခိပ်သဘော ဆွေးနွေးပေးပါဦးရှင့်။

ဟုတ်ကဲ့ဗျာ။ ချုပ်ပြောရရင်တော့ နေပြည်တော်ဟာ ကျနော်တို့မြင်တာတော့ လက်ရှိအကျပ်အတည်းကနေ မပျက်မယွင်းနဲ့ ရှင်သန်ဖောက်ထွက်နိုင်ဖို့ မလွယ်လောက်တော့ဘူးလို့ ထင်ပါတယ်။ အထူးသဖြင့်တော့ ပိုနေမြဲ ကျားနေမြဲ အခြေအနေဟာ စစ်တပ်အတွက်တော့ မဖြစ်နိုင်တော့ဘူးပေါ့။ လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ အခြေခံကျကျပြောင်းလဲပြုပြင်မှုတွေ မလုပ်ဘဲနဲ့တော့ စစ်တပ်ဟာ အရှင်ထွက်ပြန်ထွက်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းဟာ အဓိကမေးခွန်းတရပ် ဖြစ်လာခဲ့ပါပြီ။ ဒါနဲ့ဆက်စပ်ပြီးတော့လည်း ကျနော်တို့ ရှေ့မှာဆွေးနွေးခဲ့သလိုပဲ နေပြည်တော်မှာ ဘာတွေဖြစ်နေသလဲ၊ နေပြည်တော်ပလ္လင်ရဲ့ ဒီအဆင်တန်ဆာလေးရပ်ဖြစ်တဲ့ နိုင်ငံတော်ရယ်၊ အုပ်စိုးပုံစနစ်ရယ်၊ အင်စတီကျူးရှင်းနဲ့ ခေါင်းဆောင်မှုဆိုတဲ့ အချက်လေးချက်အနေနဲ့ လှိုက်စားနေတဲ့ အကြောင်း အချက်လေးချက်ကို ကျနော်တို့ နားလည်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် မဆောင်းရနံ့ ဆွေးနွေးခဲ့သလိုပဲ ဒီအကြောင်း အချက်လေးရပ်ကို ကျားကန်ပေးထားတဲ့ လူမျိုးကြီးဝါဒ စတဲ့ အိုင်ဒီယိုလိုဂျီရယ်၊ ခရိုနီအရင်းရှင်စီးပွားရေးနဲ့ ပထဝီနိုင်ငံရေးဆိုတဲ့ ဒီထောက်တိုင်သုံးခုကို သေသေချာချာ သုတေသနပြုလေ့လာဖို့ လိုအပ်ပါတယ်။ နောက်ဆုံးအချက်ကတော့ ဒါလည်း တော်တော်လေး အရေးကြီးပါတယ်။ စစ်တပ်အပေါ်မှာ လူထုထောက်ခံမှု လုံး၀မရှိတော့သလောက်ဖြစ်နေတယ်ဆိုတဲ့ နိုင်ငံရေးလေထု (political climate) ကို ကျနော်တို့ မုချ ထည့်သွင်း စဉ်းစားဆင်ခြင်ရမှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ political climate ကို ကျနော်တို့ပြောရမယ်ဆိုရင်တော့ လူထုရဲ့တုံ့ပြန်မှုနှစ်ခုအဖြစ် နံပါတ် (၁) လက်နက်ကိုင်တော်လှန်ပုန်ကန်မှုကိုပဲကြည့်ကြည့်၊ နံပါတ် (၂) စစ်တပ်နဲ့ မပူးပေါင်းရေး အကြမ်းမဖက်လှုပ်ရှားမှုတွေကိုပဲ ကြည့်ကြည့် ဒီအခြေအနေနှစ်ခုစလုံးဟာ နေပြည်တော်က စစ်ကောင်စီအတွက်တော့၊ စစ်ခေါင်းဆောင်တွေအတွက်တော့ တကယ့်ကို မုန်တိုင်းကြားထဲမှာရောက်နေတဲ့ နိုင်ငံရေးလေထု ဒါမှမဟုတ် ကျနော်တို့ပြောတာတော့ မုန်တိုင်းကြားထဲက နိုင်ငံရေးအခြေအနေ ဖြစ်နေတယ် လို့ပြောရင်းနဲ့ ကျနော်တို့ရဲ့ ကနဦးဆွေးနွေးမှုကို ဒီမှာ နိဂုံးချုပ်ချင်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ပါ၊ ဆွေးနွေးပေးသွားတဲ့ ကိုကျော်ထက်နဲ့ မဆောင်းရနံ့တို့ကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ကျမတို့ အမေး/အဖြေကဏ္ဍကို သွားချင်ပါတယ်။ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေက အီးမေးလ်ကနေ ကြိုတင် ပေးပို့ထားတဲ့ မေးခွန်းတွေကို panelist တွေက ဆွေးနွေးဖြေကြားသွားမှာ ဖြစ်ပါတယ်ရှင့်။ ပေးပို့ထားတဲ့ မေးခွန်း တွေကို တူရာစုပြီး မေးခွန်းသုံးခု ပြင်ဆင်ထားပါတယ်။

ပထမမေးခွန်းကတော့ အခုဆို မြန်မာစစ်တပ်ဟာ အခြေအနေဆိုးနဲ့ ကြုံနေရပြီ၊ စစ်တပ်က ရှုံးနိမ့်နေတာ ထင်ရှား ပါတယ်။ အဲဒီတော့ တော်လှန်ရေးတပ်တွေက အသာစီးရတဲ့ အခြေအနေ၊ အောင်ပွဲခံနိုင်မယ့်အခြေအနေ ရောက် လာပြီလား။

ဟုတ်ကဲ့။ မေးခွန်းမေးမြန်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဆိုတော့ မြန်မာစစ်တပ်ဟာ စစ်အင်အား အနေနဲ့ရော အာဏာဖြန့်ကြက်မှုအနေနဲ့ပါ ဆုတ်ယုတ်လာတယ်ဆိုတာက အချက်အလက်အားဖြင့်ကို ထင်ရှား ပါတယ်။ အဲဒါက ဘာကိုဆိုလိုလဲဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေအတွက်ကတော့ ‘ဘုံရန်သူအားနည်းလာတယ်’လို့ ကျနော်တို့ ယေဘုယျအားဖြင့် ယူဆလို့ရပါတယ်။ တဖက်မှာလည်း နိုင်ငံမှာ လက်နက်ကိုင်တပ်ဖွဲ့အသစ်တွေ အများကြီးပေါ်ပေါက်လာခဲ့သလို ရှိရင်းစွဲ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အခြေအနေတွေကလည်း အပြောင်းအလဲတွေ အများကြီးရှိတာကို ကျနော်တို့ သိရပါတယ်။ အထူးသဖြင့်ပေါ့နော် နိုင်ငံရေး လိုလားချက်လိုဟာမျိုးတွေမှာ အရင်နဲ့ အခုနဲ့ မတူညီနိုင်တာတွေ အများကြီးရှိနိုင်ပါတယ်။ ဆိုလိုတာကတော့ ‘ဘုံရန်သူအားနည်းလာတဲ့’ အခြေအနေမှာ ကျနော်တို့အားလုံး ‘ဘုံတူညီတဲ့ နိုင်ငံရေးရည်မှန်းချက်တွေ’ ရှိပြီလား ဆိုတဲ့ မေးခွန်းက အရေးကြီးပါတယ်။ ပြန်ဖြေရရင်တော့ မသေချာသေးဘူးလို့ပဲ ဖြေရမှာပါ။ ‘ဘုံရည်မှန်းချက်’ ရခြင်း၊ မရခြင်းက ဘာလို့အရေးကြီးလဲဆိုတော့ နိုင်ငံရဲ့ နိုင်ငံရေးပဋိညာဉ်နဲ့ အများကြီးဆက်စပ်ပါတယ်။ အထူးသဖြင့်တော့ ‘ဘုံရန်သူ’ အားနည်းလာတာမှန်ပေမဲ့ ကျနော် တို့ အမြဲပြောပြောနေတဲ့ နိုင်ငံရဲ့ မူလဘူတ ပြဿနာဖြစ်တဲ့ incomplete nation-building လို့ခေါ်တဲ့ ‘ပြည်ထောင်စုကို ပီပြင်စွာမတည်ဆောက်နိုင်ခြင်းနဲ့ နိုင်ငံကို ဘယ်လိုပုံစံမျိုးနဲ့ ရှေ့ဆက်ပြီးတော့ သွားကြမလဲ၊ ဘုံတူညီတဲ့ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ သွားကြမလဲ ဆိုတဲ့ဟာကို မရနိုင်တဲ့အခြေအနေတခုကို အခုအချိန်မှာ ရောက်နေတယ်လို့လို့ပဲ ကျနော်ကတော့ ဖြေချင်ပါ တယ်ခင်ဗျာ။

ဟုတ်ကဲ့ပါ။ ဆွေးနွေးဖြေကြားပေးသွားတဲ့ ကိုကျော်ထက်ကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ …

ဒုတိယမေးခွန်းက အခုလိုမျိုး မြန်မာစစ်တပ် အင်အားချည့်နဲ့နေတဲ့အချိန်မှာ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို နိုင်ငံရေးထွက်ပေါက်အဖြစ် အသုံးချပြီး အဖြေရှာတာမျိုး ဖြစ်နိုင်မလား။

ဟုတ်ကဲ့။ ပြန်ကြည့်ရရင်တော့ ဒီစစ်အာဏာသိမ်းမှုဟာ ရွေးကောက်ပွဲ မသမာမှုကြောင့် သိမ်းရတာပါလို့ စစ်ကောင်စီက အမြဲတမ်းပြောလေ့ရှိပါတယ်။ ဆိုတော့ ဒါကြောင့်လည်း စစ်ကောင်စီရဲ့စဉ်းစားချက်မှာ ဒီထဲကနေပြန်ထွက်ရင်လည်း ရွေးကောက်ပွဲလုပ်ပြီးမှ ပြန်ထွက်မယ်ဆိုတဲ့ ယူဆချက်မျိုးရှိပုံရပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ သူရင်ဆိုင်နေရတဲ့ နိုင်ငံရေးလေထု ဒါမှမဟုတ် နိုင်ငံရေးအခြေအနေဟာ လူထုရဲ့ ပြင်းထန်တဲ့တုံ့ပြန်မှုကို ကြုံတွေ့နေရပါတယ်။ ဆိုတော့ ဒီလိုအခြေအနေမှာ ရွေးကာက်ပွဲလုပ်တာက လူထုအတွက် ကျတော့ အရင်တုန်းက သူတို့ပေးခဲ့တဲ့ ဆန္ဒမဲရလဒ်တွေကို စော်ကားခံပြီးတော့ အခုတခေါက် ရွေးကောက်ပွဲ ပြန်လုပ်ရင်တောင်မှ သူတို့ရဲ့ ဆန္ဒမဲရလဒ်တွေကို ထပ်ပြီးစော်ကားခံရသလိုမျိုး ဖြစ်နေတယ်ပေါ့။ နောက်ပြီးတော့ ပြည်သူလူထုအနေနဲ့ကလည်း ဒီစစ်တပ်ရဲ့ ဖြစ်တည်မှုကို လက်မခံချင်တော့တဲ့ ဒါမှမဟုတ် လက်မခံနိုင်တော့တဲ့ အခြေအနေလို့ ယူဆနိုင်ပါတယ်။ ဒါက မြန်မာစစ်တပ်အတွက်  အုပ်စိုးသူအနေနဲ့တင်မဟုတ်ဘဲ အင်စတီကျူးရှင်း တခုအနေနဲ့ပါ ရင်ဆိုင်နေရတဲ့ အခြေအနေပါ။ ဆိုတော့ အခုချိန်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တောင်မှ၊ သူတို့ထိန်းသိမ်းထားတဲ့ နယ်မြေတွေမှာ လုပ်ရင်တောင်မှ ဘယ်လိုမှ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်မှာ မဟုတ်ပါဘူး။ နိုင်ငံတကာက လက်ခံနိုင်ဖို့လည်း အင်မတန်မှခဲယဉ်းပါတယ်။ ဆိုတော့ ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်တခုအဖြစ် အခုအချိန်မှာမဖြစ်နိုင်ဘူးလို့ ဖြေချင်ပါတယ်ရှင့်။

ဟုတ်ကဲ့ပါ။ ဆွေးနွေးဖြေကြားသွားတဲ့ မဆောင်းရနံ့ကို ကျေးဇူးတင်ပါတယ်။

တတိယမေးခွန်းကတော့ ဒီလိုမျိုးအခြေအနေမှာ တော်လှန်ရေးတပ်ဖွဲ့တွေပြောနေကြတဲ့ ဖက်ဒရယ်တပ်မတော် တည်ဆောက်ဖို့ဆိုတာမျိုးရော ဖြစ်နိုင်ပါလားရှင်။

ဖက်ဒရယ်တပ်မတော်ဆိုတဲ့ အယူအဆကိုက သဘောတရားရေးရာအရရော၊ နိုင်ငံရေးအရပါ အတော်လေး ဝိဝါဒကွဲစရာတွေရှိကြသလို သုံးသပ်ဆွေးနွေးစရာတွေလည်း အများကြီး ရှိပါတယ်။ ပညာရပ်ဆိုင်ရာအရတော့ အရင်ဆုံး နိုင်ငံတည်ထောင်မှုပုံစံဟာ ဖက်ဒရယ်စနစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ ဖက်ဒရယ်နိုင်ငံမှာရှိတဲ့စစ်တပ်ဟာ ဖက်ဒရယ်တပ်မတော်ဆိုတဲ့သဘောမျိုးပါ။ ဒါပေမဲ့ အခုလိုမျိုး စစ်တပ်မဟုတ်ဘဲနဲ့ နိုင်ငံရေးအရ အားလုံးသဘော တူလက်ခံကျင့်သုံးတဲ့ ဖက်ဒရယ်အခြေခံဥပဒေကို သစ္စာခံပြီးတော့မှ နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမရှိတဲ့ ပရော်ဖက်ရှင်နယ်စစ်တပ်မျိုးကို ဆိုလိုချင်တာပါ။ ဒီလိုတည်ဆောက်ခြင်းမှာ အဓိကအားဖြင့် အပိုင်းနှစ်ပိုင်း မြင်ပါ တယ်ရှင့်။ ပထမတပိုင်းကတော့ နိုင်ငံရေးအရ သဘောတူညီမှုဖြစ်ပါတယ်။ ဒါကလည်း ရှေ့မှာ ကိုကျော်ထက် ဖြေသလိုပဲ ဘုံရည်မှန်းချက်ကိစ္စတွေနဲ့ သက်ဆိုင်ပါတယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မှာပေါ်လာတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြားမှာ လုံခြုံရေးကဏ္ဍနဲ့ပတ်သက်ပြီးသော်လည်းကောင်း၊ နိုင်ငံရေး သ‌ဘောထားနဲ့ ပတ်သက်ပြီးသော်လည်းကောင်း ဘုံသဘောတူညီချက်သာ မရှိဘူးဆိုရင် ဖက်ဒရယ်တပ်မတော် တည်ဆောက်ဖို့ဆိုတာ ရေပြင်မှာ အရုပ်ရေးသလိုမျိုးပဲ ဖြစ်ဖို့များပါတယ်။ ဒုတိယတခုကတော့ ဖက်ဒရယ် တပ်မတော် အပါအဝင်ပေါ့၊ တခြားသော လုံခြုံရေးကဏ္ဍတွေကို ဘယ်လိုဒီဇိုင်းလုပ်ကြမလဲဆိုတဲ့ကိစ္စ ဖြစ်ပါတယ်။ မြို့နယ်အနှံ့၊ ဒေသအနှံ့မှာ များပြားလာတဲ့ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ အနာဂတ်မှာ အခြေခံ ကျတဲ့ ‘လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေး’ကို မလုပ်ဘဲနဲ့ ဖက်ဒရယ်တပ်မတော်လုပ်ဖို့ဆိုတာ လက်တွေ့ အားဖြင့်လည်း အတော်လေး ခဲယဉ်းမယ်ထင်ပါတယ်။ ဒါကြောင့်လည်း ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတာထက် နိုင်ငံရေးသဘောတူညီချက်နဲ့အတူ လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို ဘယ်လောက် လုပ်နိုင်၊ မလုပ်နိုင် သလဲဆိုတာအပေါ်မှာ အများကြီးမူတည်တယ်လို့ပြောရင်းနဲ့ နိဂုံးချုပ်ချင်ပါတယ်။

ဟုတ်ကဲ့ပါ။ ဖြေကြားပေးသွားတဲ့ မဆောင်းရနံ့ကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ အခုဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေဆီကနေ မေးခွန်းနဲ့ မှတ်ချက်တခုစီ လက်ခံသွားမှာဖြစ်ပါ တယ်။ အဲဒီတော့ မေးမြန်းချင်တဲ့သူ၊ မှတ်ချက်ပြုချင်တဲ့သူတွေအနေနဲ့ raise hand လုပ်လို့ရပါတယ်ရှင့်။ ကျမတို့ ဘက်မှာ အရင်ဆုံး raise hand ပေါ်လာတဲ့နှစ်ဦးကို ဖိတ်ခေါ်သွားပါမယ်။ မေးခွန်းတခုနဲ့ မှတ်ချက်တခု လက်ခံမှာ ဖြစ်ပါတယ်။ မေးမြန်းချင်တဲ့သူ၊ မှတ်ချက်ပြုချင်တဲ့သူတွေအနေနဲ့ raise hand လုပ်ပေးပါရှင့်။

အခု ဆွေးနွေးသုံးသပ်သွားတာအကုန်လုံးကို အရမ်းအားရပါတယ်။ ပြီးတော့ ဗဟုသုတတွေလည်း တိုးပါတယ်။ အချက်အလက်တွေစုစည်းပြီးတော့ သုံးသပ်သွားတာတွေလည်း အရမ်းကောင်းပါတယ်။ အဲဒီအထဲမှာမှ ကျနော် စိတ်ဝင်စားတဲ့တချက်ကတော့ တခါတလေကျရင် ဒီဖြစ်ရပ်တွေထဲကနေ လွန်ပြီးတော့ ဖြစ်လာနိုင်တဲ့ အခြေအနေ တွေအတွက် ဘယ်လိုမျိုးတွေ ပြင်ဆင်ထားနိုင်မလဲပေါ့နော်။ အဲဒါတွေအတွက်ကိုလည်း ဘယ်လိုမျိုး ကြိုတင် သုံးသပ်မှုတွေ လုပ်ဆောင်ဖို့လိုအပ်တယ်၊ အဲဒီသုံးသပ်မှုတွေကနေတဆင့် ဘယ်လိုလုပ်ဆောင်မှုတွေ လုပ်ဆောင်ထားဖို့လို အပ်လဲဆိုတဲ့ အချက်လေးလည်း သိချင်ပါတယ်ခင်ဗျာ။ ကျေးဇူးပါ။

ဟုတ်ကဲ့။ မေးခွန်းမေးမြန်းပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ဒီမေးခွန်းက အရေးကြီးပါတယ်ဗျာ။ ကျနော်တို့ အခုလိုမျိုးအခြေအနေမှာ ကျနော်တို့ထင်တာကတော့ ဘယ်လိုအခြေအနေကို ရောက်နေလဲ၊ analysis လုပ်တဲ့ဟာပေါ့နော်။ အဲဒါကလည်း အတော်အရေးကြီးပါတယ်။ ဆိုတော့ ဒါကိုလုပ်နေကြတဲ့လူတွေလည်းရှိတယ်။ လုပ်လည်းလုပ်သင့်တယ်လို့ ကျနော်တို့ ထင်တယ်။ အခုလို ISP-Myanmar က ပြုလုပ်တဲ့ဆွေးနွေးပွဲတွေကလည်း ဒီဟာတွေကို ဖြည့်ချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကပထမဦးဆုံးအချက်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အခြေအနေမှန်ကိုသိပြီဆိုလို့ရှိရင် ဘာလုပ်ဖို့လိုအပ်လဲ ဆိုတော့  အခုကျနော်တို့ဆွေးနွေးခဲ့သလိုပဲ ဖက်ဒရယ် ဒီမိုကရေစီကိုပဲသွားသွား၊ ဖက်ဒရယ်တပ်မတော်ပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ်ပေါ့နော်။ ဒါတွေအကုန်လုံးက နိုင်ငံရေး သဘောတူညီချက်တွေအပေါ်မှာ အများကြီးအရေးပါတယ်လို့ ထင်ပါတယ်။ ကျနော်တို့ ပထမဦးဆုံးမေးခွန်းမှာ ပြောခဲ့သလိုပဲပေါ့နော်။ ကျနော်တို့တိုင်းပြည်မှာ ဘုံရန်သူ အားနည်းသွားတာမှန်တယ်။ ဒါပေမဲ့ တကယ့် တကယ်တမ်းကျတော့ ဘုံရန်သူအားနည်းသွားတာက automatically ဒီဘက်မှာ တူညီတဲ့ ဘုံသဘောတူညီချက် ရသွားတာမျိုးမဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါအတွက်လည်း ကျနော်တို့မှာ အထောက်အထားအချက်အလက်တွေနဲ့ စဉ်းစားဆွေးနွေးချက်တွေ အများကြီးရှိပါတယ်။ တိုက်တွန်းချင်တာကတော့ အဓိကတော့ နိုင်ငံရေးအရ သဘော တူညီမှုကို ဘုံသဘောတူညီချက်အဖြစ်ရအောင် ဘယ်လိုလုပ်သင့်လဲ၊ ဘယ်လိုပုံစံမျိုး အကောင်အထည် ဖော်သင့်လဲ ဆိုတဲ့အချက်ကတော့ နိုင်ငံမှာရှိတဲ့လူတွေအားလုံး အရေးတကြီးကို ခေါင်းချင်းဆိုင်ပြီး ဖြေရှင်းရမယ့်ကိစ္စဖြစ် တယ်လို့ ထင်ကြောင်း ဆွေးနွေးချင်ပါတယ်ခင်ဗျာ။ ကျေးဇူးပါ။

ဟုတ်ကဲ့ပါ။ မေးခွန်းမေးမြန်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖြေကြားပေးသွားတဲ့ ကိုကျော်ထက်ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့်။ နောက်ထပ် ကျမတို့ မှတ်ချက်တခုလက်ခံသွားမှာဖြစ်ပါတယ်။ နောက်ထပ် raise hand လုပ်ထားတဲ့သူ ရှိရင် မှတ်ချက်ပေးဖို့အတွက် ဖိတ်ခေါ်ပါတယ်ရှင့်။

ဟုတ်ကဲ့ခင်ဗျာ၊ ကျနော့်မေးခွန်းကတော့ အားလုံးနဲ့သက်ဆိုင်သလို ဒီနေ့ဆွေးနွေးသွားခဲ့တဲ့ ခေါင်းစဉ်နဲ့လည်း ဆိုင်မယ်လို့ထင်ပါတယ်။ အဲဒီမေးခွန်းကတော့ နေပြည်တော်ပြဿနာပေါ့နော်၊ နေပြည်တော်မှာလည်း အရွှေ့အပြောင်းတွေဖြစ်နေတဲ့ပြဿနာ၊ တော်လှန်ရေးဘက်မှာကလည်း ဖက်ဒရယ် ဒီမိုကရေစီလမ်းကြောင်းကို သွားဖို့အတွက် ပဋိညာဉ်ပြဿနာ၊ အဲဒီပြဿနာတွေကို စုပေါင်းပြီး မေးခွန်းတခုကတော့ ကနေ့ပြဿနာက De Facto ပြဿနာလား၊ De Jure ပြဿနာလား။

ဟုတ်ကဲ့ခင်ဗျာ။ ဒီဟာကတော့ မှတ်ချက်အနေနဲ့ လက်ခံရရှိပါတယ်ခင်ဗျာ။ အချိန်အကန့်အသတ်ကြောင့်လည်း ဒီဟာကို ကျနော်တို့ ဆရာတို့ကို အီးမေးလ်ကနေတဆင့် ပြန်ပြီးဆွေးနွေးပေးပါမယ်ခင်ဗျာ။ ဟုတ်ကဲ့။

ဟုတ်ကဲ့ပါ။ အခုလိုမျိုးမေးခွန်းတွေကို မေးမြန်းသွားတဲ့အတွက် တက်ရောက်လာတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေကို ကျေးဇူးတင်ပါတယ်။ နိဂုံးချုပ်အနေနဲ့ ကျမတို့ရဲ့ panelist တွေက ဘာများပြောချင်ပါသေးလဲ။

ဟုတ်။ ကျနော်တို့ ရှေ့ကတင်ပြခဲ့သလိုပေ့ါနော်။ နေပြည်တော်ရဲ့အခြေအနေကို သရုပ်ဖော်မယ်ဆိုလို့ရှိရင် နေပြည်တော်ပလ္လင်ရဲ့ အဆင်တန်ဆာလေးခုဟာ အနှစ်အသားမဲ့ပြီး အတွင်းမှာ လှိုက်စားနေတဲ့ အခြေအနေမှာ ရှိနေပြီလို့ ဆိုချင်ပါတယ်။ တဖက်မှာလည်း ဒီပလ္လင်ကို ကျားကန်ပေးထားတဲ့ ထောက်တိုင်သုံးခုဟာ တကယ့်ကို သံချေးတက်ယွင်းစားနေတဲ့အခြေအနေ ဖြစ်ပါတယ်ခင်ဗျာ။ တချိန်တည်းမှာပဲ လူထုရဲ့တုံ့ပြန်မှုကို ကြည့်ပြန် တော့လည်း လူထုရဲ့တုံ့ပြန်မှုဟာ နေပြည်တော်က စစ်ကောင်စီအတွက်တော့ တကယ့်ကို ပြင်းထန်တဲ့ မုန်တိုင်း ကြားထဲက နိုင်ငံရေးအခြေအနေဖြစ်နေပါပြီလို့ ထပ်လောင်းပြောရင်းနဲ့ ကျနော်တို့ရဲ့အစီအစဉ်ကို ဒီမှာပဲ နိဂုံးချုပ်ချင်ပါတယ်ခင်ဗျာ။

ဟုတ်ကဲ့ပါ။ ကျမတို့ရဲ့ ဒီနေ့အစီအစဉ်မှာ အချိန်အကန့်အသတ်ကြောင့် မဖြေလိုက်ရလို့ကျန်ရှိနေတဲ့မေးခွန်းတွေကို နောက်ပိုင်းမှာ အီးမေးလ်ကတဆင့် ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။ အခုအစီအစဉ်ကို တက်ရောက်လာကြတဲ့ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားများအားလုံးကို ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ ဒီနေ့အစီအစဉ်ကို နိဂုံးချုပ်ချင်ပါတယ်ရှင့်။


နောက်ဆက်တွဲမေးခွန်း ဖြေဆိုချက်များ

၂၀၂၄ ခုနှစ် မေ ၁၁ ရက်တွင် ပြုလုပ်ခဲ့သော ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ် မစတင်မီ အီးမေးလ်မှတဆင့် မေးမြန်းခဲ့သော မေးခွန်းများနှင့် အစီအစဉ်ပြုလုပ်ချိန်အတွင်း စာဖြင့်ရေးသားမေးမြန်းခဲ့သော မေးခွန်းများအား ပြန်လည်ဖြေဆိုထားခြင်း ဖြစ်ပါသည်။

ဟုတ်ကဲ့ခင်ဗျာ၊ ကျနော့်မေးခွန်းကတော့ အားလုံးနဲ့သက်ဆိုင်သလို ဒီနေ့ဆွေးနွေးသွားခဲ့တဲ့ ခေါင်းစဉ်နဲ့လည်း ဆိုင်မယ်လို့ထင်ပါတယ်။ အဲဒီမေးခွန်းကတော့ နေပြည် တော်ပြဿနာပေါ့နော်၊ နေပြည်တော်မှာလည်း အရွှေ့အပြောင်းတွေဖြစ်နေတဲ့ပြဿနာ၊ တော်လှန်ရေးဘက်မှာကလည်း ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကိုသွားဖို့အတွက် ပဋိညာဉ်ပြဿနာ၊ အဲဒီပြဿနာတွေကို စုပေါင်းပြီး မေးခွန်းတခုက တော့ ကနေ့ပြဿနာက De Facto ပြဿနာလား၊ De Jure ပြဿနာလား။

ဟုတ်ကဲ့ခင်ဗျာ။ ကျနော်တို့ ရှေ့ကဆွေးနွေးခဲ့တဲ့အချက်တွေနဲ့ ယှဉ်ထိုးပြီး ဆွေးနွေးချင်ပါတယ်ခင်ဗျာ။ မြန်မာစစ်တပ်အနေနဲ့ စစ်ရေးအရ လက်လွှတ်ဆုံးရှုံးရတာတွေအပြင် သူ့ရဲ့ hard power ပျက်လာတာတွေ၊ စစ်ခေါင်းဆောင်ရဲ့ပလ္လင် လှုပ်ခတ်လာတာတွေ၊ အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဘုံရန်သူ ချည့်နဲ့လာတာတွေဟာ ငြင်းကွယ်မရတဲ့ အရှိတရား၊ စစ်ကောင်စီကိုယ်တိုင် ပေးထားချက် ပကတိဘာ၀ De Facto အဖြစ် လက်ခံနေရတဲ့ကိစ္စတွေဖြစ်ပါတယ်။ တဖက်မှာလည်း ကျနော်တို့ဆွေးနွေးခဲ့သလို နိုင်ငံရေးအရ ဘုံသဘောတူညီချက်မရှိသေးတာဟာ အထူးသဖြင့်တော့ တရားဝင်မှုနဲ့ နိုင်ငံသစ်တည်ဆောက်မှု ပဋိညာဉ်လိုအပ်ချက်ဆိုင်ရာ စိန်ခေါ်မှုဟာ De Jure ပြဿနာဖြစ်တယ်လို့ဆိုရမှာပါခင်ဗျာ။

What do panelists think about the future of Myanmar’s Commander-In-Chief? Will he flee to another country? Will he die on the battlefield? Or will he surrender and be executed by the ICJ? Which category is the best or most favorable outcome in the near future, and which factors are key decisive points to that question? Alternative: What should people do and act to continue fighting against the State Administration Council and Myanmar Armed Forces? Thanks a lot.

ဟုတ်ကဲ့၊ မေးခွန်းမေးပေးတာ ကျေးဇူးတင်ပါတယ်။ အာဏာရှင်တွေအကြောင်းကို ပြောကြရင် အရှင်ထွက်နဲ့ အသေထွက်ဆိုပြီး ခွဲခြားပြောဆိုကြတာမျိုးရှိကြပါတယ်။ မြန်မာနိုင်ငံရဲ့ ဖြစ်စဉ်တွေကို ပြန်ကြည့်ရရင်တော့ အိမ်နီးချင်းနိုင်ငံတွေက တွန်းနေတာကတော့ လူလဲကစားဖို့ပါပဲ။ အချိန်ကြာလာလေလေ ခေါင်းဆောင်မှုပြဿနာနဲ့ ဒီပြဿနာကြောင့်ပဲ နိုင်ငံက ချွတ်ခြုံကျနေရပြီး အနာပိုသည်းလေပါပဲ။ ဒီမုန်တိုင်းထန်မှု (stormy political climate) ကို ကျော်လွှားဖို့လည်း ခက်လေလေပါပဲ။ ဘာဖြစ်နိုင်မလဲဆိုတာမျိုး ယတိပြတ်ဟောကိန်းမထုတ်ချင်ပေမဲ့ အရှင်ထွက်လား ဒါမှမဟုတ် အသေထွက်လားဆိုတာ စစ်ခေါင်းဆောင်အပေါ်မှာ အများကြီးမူတည်နေတယ်လို့ပဲ ဖြေချင်ပါတယ်။

အချက်အလက်တွေနဲ့ သုံးသပ်ချက်တွေ အရမ်းကောင်းပါတယ်။ ဖြစ်စဉ်တိုင်းမှာ သမားရိုးကျပုံစံကလေးတွေ ရှိတတ်ကြပါတယ်။ အဲဒီအထဲမှာက လုံးဝမမျှော်လင့်၊ မမျှော်မှန်းတဲ့အရာတွေ ဖြစ်လာမှာကိုလည်း hypothesis အနေနဲ့ ကြိုတွေးဖို့လည်း အရေးပါပါတယ်။ အဲဒီလိုအရာတွေအတွက် ဘယ်လို ကြိုတင်သုံးသပ်‌ပြီး လုပ်ဆောင်သင့်ပါသလဲ။ ဥပမာ A plan အပြင် B နဲ့ C plan တွေအတွက်ရောပေါ့။ ကျေးဇူးပါခင်ဗျာ။

ဟုတ်ကဲ့ခင်ဗျာ။ ဒီမေးခွန်းကလည်း တွေးတောစရာအများကြီး ဖြစ်ပါတယ်။ ကျနော်တို့ သုတေသနတွေလုပ်ကြ၊ ကောက်ချက်တွေချကြတဲ့အခါမှာ ပြောလေ့ရှိတာ တခုရှိပါတယ်။ ကျနော်တို့ သုတေသနလုပ်၊ ခန့်မှန်းပြောဆိုမှုတွေမှာ ဘယ်လောက်ပဲ ကိန်းရှင် (variables) တွေသတ်မှတ်ပြီး ဆက်စပ်မှုတွေကိုလေ့လာကြပေမဲ့ အမြဲတမ်း အထင်အမြင် (perception) နဲ့ လက်တွေ့ဖြစ်တည်မှု (reality) ကွဲလွဲတာတွေ ရှိတတ်ကြောင်းကို သတိထားဖို့လိုအပ်တယ် ဆိုတာမျိုးပါ။ အခုလည်း ကျနော်တို့ အချက်အလက်တွေနဲ့ ကြိုတင်တွက်ဆ၊ ခန့်မှန်းပြောဆိုကြပေမဲ့ တခါတလေမှာ ထင်မှတ်မထားနိုင်တဲ့ Black Swan Effect ရှိနိုင်ပါတယ်။ ဒီဟာတွေကို ကြိုတင်ခန့်မှန်းဖို့ထက်စာရင် ဒီအချက်တွေပေါ်နိုင်တာကြောင့် မိမိတို့ရဲ့ လုပ်ငန်းဆောင်တွေကို လုပ်ဆောင်တဲ့နေရာမှာ ဒီအချက်ကို တမင်ရည်ရွယ်ပြီးတော့ ထည့်သွင်းစဉ်းစားတတ်တဲ့ အလေ့အကျင့်ကို  မွေးမြူတာမျိုးလုပ်သင့်တယ်လို့ ထင်ပါတယ် ခင်ဗျာ။

Copyright ISP-Myanmar © 2025. All Rights Reserved.