‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်

ISP ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေ ပါဝင် ဆွေးနွေးခွင့်ရှိမယ့် ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို စတင်ပါတော့မယ်။ စစ်အာဏာသိမ်းပြီး သုံးနှစ်အထိ မြန်မာ့အရေးမှာ လောလောဆယ် ဖြေရှင်းရမယ့် အရေးပေါ်ကိစ္စ (emergency) နဲ့ မတရားမှုတွေကို တွန်းလှန်ရာမှာ ကျောချင်းကပ် သွေးစည်း ညီညွတ်ကြောင်း ပြရမယ့်ကိစ္စ (solidarity) နှစ်ရပ်သာ သဘာ၀ကျစွာ အဓိက အာရုံစိုက်စရာတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ပိုင်းခြားစိတ်ဖြာ သုံးသပ်မှုနဲ့ ဆွေးနွေးဆင်ခြင်ခြင်း၊ အမြင်ဖလှယ်ခြင်း ‘သန္နိပါတ’ (analysis and deliberation) က ကိစ္စဉာဏ် အားနည်းခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ဖိနှိပ်မှုအောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ လွတ်လပ်စွာ ဖော်ထုတ်ခွင့်နဲ့ တိုင်းပြည်ရဲ့ ပဋိပက္ခမီး၊ ဝမ်းတထွာအရေး၊ ကပ်ဘေးတွေကြောင့် ပြည်တွင်းက မြန်မာနိုင်ငံသားတွေအတွက် ပိုင်းခြားဆင်ခြင်ဖို့ အချက်အလက်ရရှိမှုနဲ့ အလေ့အထ လုပ်ရမယ်ဆိုတဲ့ ဒီကိစ္စဉာဏ်ဟာ အခွင့်အလမ်း နည်းပါးခဲ့ရပါတယ်။ အခြားတဖက်မှာလည်း အမြင်မတူတာနဲ့ “ရန်သူ့လူ” တံဆိပ် တန်းကပ်တဲ့ဓလေ့၊ ၀ိုင်းပြီး ဆွမ်းကြီးလောင်း ကန့်သတ် ဖယ်ထုတ်တဲ့ဓလေ့ (cancel culture) တွေကြောင့် လွတ်လပ်တဲ့အမြင် အယူအဆရှိသူတွေဟာ ကိုယ့်ကိုယ်ကိုယ် ဆင်ဆာ လုပ်လာကြပါတယ်။ ကိုယ့်အလို၊ ကိုယ့်အပြော၊ ကိုယ့်အလုပ်တွေကို ဖုံးကွယ်ရုပ်ဖျက်တာ (preference falsification) က ကျင့်ထုံး တခုလို ဖြစ်လာပြီး နိုင်ငံရေးမှာ မပြောရ မဆိုရ (taboo) တွေ ပိုတိုးလာပါတယ်။

Download as PDF Version

ဖိနှိပ်မှု၊ ဆင်းရဲခေါင်းပါးမှုနဲ့ အမြင်အယူအဆကို အရင်းခံအတိုင်း ထုတ်ဖော်မပြောဝံ့မှုတွေကြောင့် မတူကွဲလွဲတဲ့ အမြင်တွေ ရှင်သန်ခွင့် အားနည်းခဲ့ပါတယ်။ အယူအဆတခုကို အမှန်၊ အမှား စောကြော သုံးသပ်ပြီး အပြန်အလှန် ဆွေးနွေးငြင်းခုံမှုတွေ အားနည်းလာကြပါတယ်။ အနာနဲ့ဆေး တည့်၊ မတည့် စမ်းသပ် ဆန်းစစ်ခွင့် နည်းပါးလာ ပါတယ်။ သိမှုကတုတ်ကျင်းတူးပြီး မရွှေ့မပြောင်း အုတ်မြစ်ချထားတာမျိုးအပြင် အွန်လိုင်းစကားဝိုင်း အများစုဟာ လည်း အမြင်တူသူတွေစုဖွဲ့ပြီး နာရီနဲ့ချီ အချိန်အကြာကြီးပြောကြတဲ့ ပုံစံစတိုင်တွေ ပိုများလာတာ၊ နားထောင်သူ တွေမှာ အချက်အလက်သစ်၊ အတွေးသစ်မတိုးဘဲ ငြီးငွေ့စရာဖြစ်လာပါတယ်။ တိုင်းပြည်မှာ ‘သန္နိပါတ’ လိုအပ်နေပေမဲ့ ပရိသတ်နည်းသွားလို့ ဆွေးနွေးပွဲတွေ နည်းလာတာ သတိပြုမိပါတယ်။

ဒီအခြေအနေတွေကနေ ဖောက်ထွက်နိုင်ဖို့ အားထုတ်မှုတခုအဖြစ် ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်ကို စတင်ချင်တာပါ။ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကွဲလွဲမှုနဲ့ အမြင် မတူညီမှုအပေါ် သည်းခံနိုင်စွမ်းကို အားပေးတဲ့၊ သုတေသန အခြေခံတဲ့၊ အများပြည်သူလူထုရဲ့ အကျိုးစီးပွားကို မျက်ခြည်မပြတ်တဲ့ သိမှုဝန်းကျင် (epistemic community) တရပ် ပေါ်ထွန်းရေးကို တထောင့်တနေရာကနေ ထမ်းဆောင်ချင်လို့ပါပဲ။ ဒီအစီအစဉ်ဟာ စည်းရုံး သွေးဆောင်ဖို့ထက် မျှဝေဖို့ကို ပိုအားထုတ်ပါတယ်။ သုတေသန တွေ့ရှိထားသမျှကို ရိုးရိုးသားသား တင်ပြမယ်၊ သိလိုစိတ်ကို နှိုးဆွမယ်။ ဒီလိုဆောင်ရွက်ရာမှာ လက်ခံယုံကြည်ထားတာတွေကို မပြောင်းမလဲ အခိုင်အခံ့ ပြုတာထက် လက်ခံ ယုံကြည်ထားတာတွေကို တဆင့်ထက် တဆင့် မြင့်သထက်မြင့် ပိုမို ကောင်းမွန်လာအောင် အားထုတ်ခြင်းဖြင့် လေ့လာသင်ယူမှုကို မြှင့်တင်ပါမယ်။ ပညာပြာသာဒ် တည်ပါမယ်။ ISP-Myanmar က ခံယူထားတဲ့ အသိပညာနဲ့ ပတ်သက်လို့ တည်ကြည်မှု (integrity) ဟာ ဆိုခဲစေမြဲစေ၊ ရှေ့နောက်ညီစေ ဆိုတာမျိုး မဟုတ်ပါဘူး။ သိမှု အပေါ်မှာ ရိုးသားတာပါ။ သိမှုကို အချက်အလက် အထောက်အထားနဲ့ အမြဲ ဆန်းစစ်နေပြီး မှားရင်ပြင်၊ လိုရင်ထပ်ဖြည့်၊ အသစ်တွေ့ရှိချက်တွေကို ပေါင်းစပ်ပြီး တိုင်းပြည်အတွက် သိမှု အားကောင်းအောင် ဆောင်ရွက်ဖို့ စိတ်နှလုံးကို ဖွင့်ထားပြီး ရိုးသားတာမျိုး ဖြစ်ပါတယ်။

ဒီလို မျှော်မှန်းချက်တွေ ပေါက်မြောက် အောင်မြင်ရေးအတွက် အကြောင်းအရာပိုင်းမှာ ‘မဖြစ်မနေ စောင့်ကြည့်ရမယ့်ပွဲ’(a must-watch show) ဖြစ်ဖို့ စီစဉ်ပါမယ်။ စတိုင်မှာလည်း အချက်အလက် မပါဘဲ တမေ့တမြောကြီး လန်ဘားကျောက်တံတား လျှောက်ပြောနေလို့ မဖြစ်ပါဘူး။ ပရိသတ်ရဲ့ စဉ်းစားဉာဏ်ကို အထင်သေး စော်ကားနေတာမျိုး မဖြစ်ရပါဘူး။ ရေပန်းစား၊ ပွဲဆူရေး ဖြစ်ဖို့ မဟုတ်ပါဘူး။ ‘ISP နှင့်အတူ မိနစ် ၃၀’ အစီအစဉ်မှာ ပထမ ၁၅ မိနစ်က သုတေသန အချက်အလက်တွေကို တင်ပြပါမယ်။ ကျန် ၁၅ မိနစ်က စဉ်းစားဖွယ် မေးခွန်းတွေ၊ ဆက်လက် ငြင်းခုံမှု တွေအတွက် တံခါးဖွင့်ထားမှာပါ။ အရေးကြီးဆုံးကတော့ ဆွေးနွေးပွဲ နားထောင်ပြီးပြန်သွားရင်၊ ရုပ်သံဖွင့် နားထောင်လိုက်လို့ အချိန် မိနစ် ၃၀ ပြည့်သွားရင် အလဟဿ ဖြစ်မသွားစေရဖို့ အာမခံပါတယ်။ စဉ်းစား တွေးတောစရာ တခုခု ရသွားနိုင်အောင် ကြိုးစားအားထုတ်ပါမယ်။ ISP-Myanmar ဘက်မှာလည်း တင်ပြစရာ အချက် အလက်တွေ အပြည့်၊ ကပြင်ရပ်ဝန်းသူ၊ ရပ်ဝန်းသားတွေမှာလည်း မိနစ် ၃၀ ပြီးသွားတာနဲ့ သုံးသပ်ဆန်းစစ် ချင်စရာတွေ ပြီးမသွားဘဲ တစိမ့်စိမ့် ဆင်ခြင်ခြင်း အပြည့်နဲ့ ပြန်သွားရတာမျိုးကို ထိုက်ထိုက်တန်တန် အကျိုး ဖြစ်စေချင်ပါတယ်။ ဒီအစီအစဉ်သစ်မှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ပါတယ်။

About the Author
ISP Admin

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) သည် လွတ်လပ်ပြီး ပါတီစွဲကင်းသော အစိုးရ မဟုတ်သည့် သုတေသနအဖွဲ့ဖြစ်ပါသည်။ ISP-Myanmar ၏ မြော်မြင်ချက်မှာ မြန်မာနိုင်ငံကို ရုန်းထကြံ့ခိုင်မှု အားကောင်း ပြီး သည်းခံစိတ်ကြီးမားသော လူမှုအဖွဲ့အစည်းတရပ်အဖြစ် ပေါ်ထွန်းလာစေရေးဖြစ်သည်။ ဦးတည်ချက်အနေဖြင့် ဒီမို ကရေစီကျသော ခေါင်းဆောင်မှုကို မြှင့်တင်အားပေးရန်နှင့် နိုင်ငံ့အရေးတွင် နိုင်ငံသားများပါဝင်မှု အားကောင်းစေရန် ဖြစ်ပါ သည်။ ISP-Myanmar အနေဖြင့် အထက်ဖော်ပြပါ မြော်မြင်ချက်နှင့် ဦးတည်ချက်နှစ်ရပ်ကို အခြေခံ၍ မြန်မာ့ဒီမိုကရေစီ အရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ ရှင်သန်အားကောင်းရေးတို့ကို အဓိက အစီအစဉ်သုံးရပ်ဖြင့် လုပ်ဆောင်နေပါသည်။

Add Comment

6 Responses

  1. အဓိကမေးချင်တာမေးခွန်းတစ်ခုရှိပါတယ် ကုလသမဂ္ဂက ကမ္ဘာပေါ်မှာအခုဖြစ်နေတဲ့ပြသနာတွေဖြစ်တဲ့ ရူရှား ယူကရိန်းအရေး အစ္စရေစဝါးမတ်အရေးတွေမှာ ဖြေနိူင်စွမ်းမရှိတာလားဗျ ပြောချင်တာ ကုလမဂ္ဂက အယင်ဦးသန့်လက်ထက်ကလို ကျုးဘားအရေးခင်းတွေကိူဖြေရှင်းခဲ့သလိုမျိုး ဖြေရှင်းပေးနိုင်စွမ်းမရှိလို့မြင်လာပါတယ် အတွင်းရေးမှူးချုပ်ရေးအရည်အချင်းကဝေဖန်စရာဖြစ်နေသလားလို့ဗျ

  2. ထုတ်ပြန်ချက်တွေပဲထုတ်နိုင်တဲ့ ပါးစပ်သမားအဖွဲ့လိုရူ့မြင်ရင်မှားသလားဗျ

    1. စစ်ကောင်စီအတွက် စစ်မှုထမ်ဖို့ ပါသွားတဲ့ အသိတချို့မှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေလည်းပါဝင်နေပါတယ်။ အခုလို ဆွေးနွေးမှုမျိုး ပြုလုပ်ပေးတာ ကြိုဆိုပါတယ်ဗျ။

  3. ဟုတ်ကဲ့ ISP ခင်ဗျား
    ကျနော် ဖက်ဒရယ်သင်တန်းတွေကို တက်ခဲ့ဘူးသလို ယခုလည်း တက်ရောက်သင်ယူနေပါတယ်။ သင်္ခန်းစာတွေဟာ အလွန်စိတ်ဝင်စားပြီး မှတ်သားလောက်ပါတယ် ။ ဒါပေမည့် သင်္ခန်းစာတိုင်းမှာ ဗမာမုန်းတီးရေးတွေကို အစဥ်တစိုက် သင်ကြားလေ့ရှိပါတယ်။
    ကျနော်တို့နိုင်ငံရဲ့ အဓိက အာဏာအရှိဆုံးရာထူးတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကလွဲရင် တခြားမရှိတာကို တွေ့ရမှာပါ။
    မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်ကို စတင်အုဋ်မြစ်ချခဲ့တဲ့ ဦးနေဝင်းဟာ မွန်တရုပ်ကပြားပါ။ အစိုးရဖွဲ့တော့ ဦးစန်းယု၊ ဦးအောင်ကြီး( တက္ကသိုလ်သမဂ္ဂအဆောက်အဦးကို ဗုံးခွဲခဲ့သူ) ဒေါက်တာညီညီ(မြန်မာနိုင်ငံပညာရေးကို နိမ့်ကျအောင် စတင်ခဲ့သူ တရုပ်) မှ တိုင်းရင်းသားအချင်းချင်းနဲ့ မြန်မာကို သွေးခွဲခဲ့တဲ့အကြောင်း တင်ပြပေမဲ့ ထည့်သွင်းမစဥ်းစားခဲ်ပါဘူး။
    ဦးနေဝင်းလက်ထက် ရှမ်းမြောက်က ဘိန်းမှောင်ခို လော်စစ်ဟန်(တရုပ်) ကို မြှောက်စားခဲ့ပြီး ဦးသိန်းစိန်( တရုပ်)လက်ထက်မှာ စစ်တတ်နဲ့ လော်စစ်ဟန် စစ်ဖြစ်နေတဲ့အချိန်မှာ ရန်ကုန်က လော်ဍ်ဟန်သမီး ကုမ္ပဏီကို ဦးသိန်းစိန် ဖဲကြိုးဖြတ်ဖွင့်ပေးခဲ့ခြင်း၊ အရပ်ဘက်အဖွဲအစည်းများ ဖိုရမ်မှာ အသိတယောက်က မိတ်ဆက်ရာမှာ တိုင်းသားစကားနဲ့ မိတ်ဆက်ချင်လို့ အကူအညီတောင်းရာမှာ နောက်က လက်နက်ကိုင်ကို ဖုန်းဆက်ပြီး ခွင့်ပြုချက်ရမှ မျှဝေခဲ့တဲ့အကြောင်း ထည့်ပြောပေမဲ့ အရာမထင်ခဲ့ပါဘူး။ အဲဒါဘာဖြစ်တာလည်းဆိုတာ သုံးသပ်ချက်လေး သိချင်ပါတယ်ခင်ဗျ။

Leave a Reply to AungKyawZawl Cancel reply

Your email address will not be published. Required fields are marked *

Copyright ISP-Myanmar © 2025. All Rights Reserved.